ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နေကြာ ၅၂၁ ဧက လျာထားစိုက်ပျိုးမည်

ကျွန်းလှ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နေကြာ ၅၂၁ ဧက လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ အရင်က မိုးနေကြာ မစိုက်ကြပါဘူး။ ဆောင်းနေကြာကိုဘဲ အဓိကထား စိုက်ပျိုးကြတာပါ။ ဒီနှစ်တော့ မိုးနေကြာ မျိုးစေ့ထုတ်ကွက် ဧက ၆၀ စိုက်ပျိုးခဲ့ပါတယ်။ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပစားသုံးဆီ တင်သွင်းမှု လျော့ချနိုင်ရေးအတွက် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးဖို့ ဆောင်ရွက်နေပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ဆောင်းနေကြာ တိုးချဲ့နိုင်ရေးအတွက် ကျွန်းလှစိုက်ပျိုးရေး ဦးစီးဌာန၊ ဝန်ထမ်းများက ပညာ‌ပေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နှမ်း ၁၄၀၃၁ ဧက၊ မြေပဲ ၆၅၅၁ ဧက၊ ပန်းနှမ်း ၅၃၁၀ ဧက၊  နေကြာ ၅၂၁ ဧက၊ မုံညှင်း ၂၇၇ ဧကနှင့် စုစုပေါင်း  ၂၆၄၁၃ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)