မကွေး စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မကွေးမြို့ကန်သာဈေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေးလှုပ်ရှားမှုများကို ယနေ့နံနက် ၇ နာရီအချိန်က ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတလူမှု အဖွဲ့အစည်းများသည် ကန်သာဈေးအတွင်းရှိ ဈေးရောင်းပြည်သူများ၊ ဈေးဝယ်လာသည့်ပြည်သူများနှင့် ဈေးရှေ့ရှိ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား လိုက်နာစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ မကွေးမြို့ကန်သာဈေးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) အခုရေ (၁) သောင်းအား အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်ချမ်း(ဖန်ခါးမြေ)