တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တမူး စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ ၊မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဥ်သွားလာနေသော စျေးရောင်း၊စျေးဝယ်သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာလ(၁၅)ရက်နေ့ နံနက် (၈)နာရီခွဲ အချိန်ခန့်က မြို့နယ် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးမြင့်ဦး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးလေးမော်နှင့် ဝန်ထမ်းများ၊ မြို့မစျေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ စျေးမီးသတ် တပ်ဖွဲ့ဝင်များက စျေးအတွင်း ရောင်းချနေသော စျေးသည်များ၊ စျေးဝယ်ယူသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်၍ စျေးရောင်းချခြင်း၊ စျေးဝယ် ယူခြင်းများ ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စျေးရောင်း စျေးဝယ်သူများအား တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေခြား၍ စျေးရောင်း စျေးဝယ်ပြုလုပ်ကြရန်တို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

တမူးမြို့ မြို့မစျေးအတွင်း စျေးရောင်း၊စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ သွားလာ စေမှုရှိစေရေး ပညာပေးခြင်းကို သြဂုတ်လ(၈)ရက်နေ့မှ သြဂုတ်လ (၁၆)ရက်နေ့အထိ ပညာပေးဆောင်ရွက်ခဲ့ပြီး သြဂုတ်လ(၁၇)ရက်နေ့မှစ၍  နှာခေါင်းစည်း (Mask) တပ်ဆင်မှုမရှိဘဲ သွားလာသူများအား ဒဏ်ငွေ(၂၀၀၀)ကျပ်ပေးဆောင်စေ၍ ဒဏ်ငွေရိုက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ(၁၅)ရက်နေ့အထိ (၁၇၄) ဦးအားဒဏ်ငွေ ရိုက်ဆောင်ရွက်ခဲ့ကြောင်း၊ စျေးကော်မတီရုံးမှလည်း ​စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)များတပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာမှု ရှိစေရေးတို့ အတွက် နေ့စဉ် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနိုးဆော်  လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးလေးမော် ထံမှ သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)