ဖြူး စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဖြူးမြို့မဈေးအနီး မြို့နယ်မီးသတ်စခန်းရှေ့၊ ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့နှင့် ညောင်ပင်သာရွာတို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များအား ဆက်လက်ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဆရာမများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ချိန်ပေးပြီး ကာကွယ်ဆေးထိုးနှံခြင်း၊ စာရင်းကောက်ခြင်း၊ အလျည့်ကျအမည်ခေါ်ပေးခြင်းနှင့် ဆေးထိုးပြီးပါကခေတ္တနားစေခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေး Booster ထိုးနှံပေးရန်လျာထားမှု ဦးရေမှာ(၁၀၅၃၈၈)ဦးရှိပြီး ယနေ့ထိထိုးနှံပြီး လူဦးရေ(၃၈၅၃၆)ဦးရှိကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)