အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ် အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

အင်္ဂပူ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ဘုရားငုတ္တိုအုပ်စု၊‌ တောင်ပေါ်ကုန်း ဘုန်းကြီး‌ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်‌ကျော်မိုးက မိတ်ဆက်စကား‌ပြောကြားခဲ့ပြီး‌ တွေ့ဆုံပွဲ ပြုလုပ်ရခြင်း ရည်ရွည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့‌နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ‌ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇) ဆောင်ရွက်ပေးနေမှုများ၊ ကျေးရွာရေရှိရေး မီးလင်းရေးလုပ်ငန်းများ၊‌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ ဂျပန် ဦးနှောက်ရောဂါနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများ၊ နိုင်ငံသားစိစစ်‌ရေးကဒ်ပြုလုပ် ပေးမှုအခြေအနေများ၊ မီးဘေးအန္တရယ်ကြိုတင် ကာကွယ်ရေး၊ စားသုံးသူ အခွင့်အ‌ရေးများစသည့် တို့ကို ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြရာ သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအား အဖွဲ့(၂)ဖွဲ့ခွဲ၍ တစ်ပတ်လျှင်(၁)ကြိမ်၊ အင်္ဂပူမြို့နယ်အတွင်းမှ ကျေးရွာ အုပ်စု(၁၄)ခုတို့တွင် ဆောင်ရွက်သွားမည်ကြောင်း မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)