ကလေးဝမြို့တွင် မိုးစပါး ၁၅၈၄၉ ဧက စိုက်ပျိုးပြီးစီး

ကလေးဝ  စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ပျိုးရန် ဧက ၁၆၆၈၈ ဧက စိုက်ပျိုးရန် လျာထားရာ  စက်တင်ဘာလ ၉ ရက်နေ့ထိ ၁၅၈၄၉ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၅% ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း ကလေးဝမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးစပါးစိုက်ဧက လျာထားချက် ပြည့်မီ ကျော်လွန်ရေးနှင့် သီးနှံများ အထွက်တိုးရေးအတွက် တောင်သူများကို အသိပညာပေးခြင်း၊ အနီးကပ် ကြီးကြပ်ဆောင်ရွက်ခြင်း၊ လိုအပ်သော စိုက်ပျိုးရေး နည်းစနစ်များ ကူညီထောက်ပံ့ပေးခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဆောင်ရွက်ပေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်နှစ်တွင် မိုးစပါးစိုက်ဧက ၁၄၅၁၀ ဧကသာ စိုက်ပျိုး ပြီးစီးခဲ့သဖြင့် ယခုနှစ်တွင် ၁၃၃၉ ဧက ပိုမိုစိုက်ပျိုး ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

ကလေးဝမြို့နယ်တွင် ဧရာမင်း၊ ဆင်းသုခ၊ ဆင်းဧကရီ(၃)၊ ပုလဲသွယ်၊ ရွှေဘိုပေါ်ဆန်းနှင့် ဒေသမျိုးစပါးများကို အဓိကထား၍ စိုက်ပျိုးကြကြောင်းလည်း သိရှိရသည်။

ကိုဇော်(ချင်းတွင်း-မြစ်သာ)