ဟင်္သာတမြို့ နည်းပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း သိကောင်းစရာ ဟောပြောပွဲ ကျင်းပပြုလုပ်

ဟင်္သာတ၊ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းသိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ က ဟင်္သာတမြို့ နည်းပညာအထက်တန်းကျောင်း အစည်းဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးက အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းဝေးစေရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျ နားလည်သိရှိ လိုက်နာကြရန်ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း  ပြောကြားခဲ့​ပြီးနောက် ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးရန်နိုင်စန်းက မှူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆိုးကျိုးများနှင့် ရှောင်ရန်ဆောင်ရန်များကို လည်းကောင်း၊ အမှတ် (၈၄) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသက်နိုင်ဦးနှင့် ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနရုံးမှ ယာဥ်မောင်းစစ်ဆေးရေးမှူး ဦးကျော်ဇေယျာထွန်းတို့က ယာဥ်စည်းကမ်းလမ်းစည်းကမ်းများ နှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ​လမ်းလျောက်သူများလိုက်နာရန် စည်းကမ်းများကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ် စီနင်းရာတွင် လိုက်နာရမည့် သိကောင်းစရာ အချက်များကို အကျယ်တဝံ့ ဆွေးနွေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောအခမ်းအနားသို့ အစိုးရ နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း  ၁၂၀ ဦးက စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြကြောင်းသိရသည်။

ကိုဇော်-ဟင်္သာတ