ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သရက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ကာကွယ်ဆေးထိုးပြီး (၆)လပြည့်ပြီးသူတိုင်း ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရန် လိုအပ်သဖြင့် ဝန်ထမ်းနှင့် မိသားစုဝင်များ ထိုးနှံနိုင်ရေးဌာနဆိုင်ရာများ အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် တက်ကြွစာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ရုံးဌာနများ လုံခြုံဂရုပြု ဆောင်ရွက်ရန် ဆွေးနွေးပေးခဲ့သည်။

ထို့နောက် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်တွေ့ကြုံရသည့် အခက်အခဲများ တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို စုပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

သရက်ခရိုင် ပြန်/ဆက်