အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)၌ အသိပညာပေးဟောပြောခြင်းများပြုလုပ်

ဇီးကုန်း စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.ကဇီးကုန်း)၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့်ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်း ဟောပြောပွဲခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အသိပညာပေးဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက "ဗလငါးတန်ပြည့်စုံဖို့စာအုပ်စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ စာဖတ်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဘဝတိုးတက်မြင့်မားစေကြောင်းတို့ကို သာဓကများဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာနှင့်ပတ်သက်၍ ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များအကြောင်း၊ သိသင့်သိထိုက်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာများအကြောင်းနှင့် စားသုံးရန်မသင့်သော အစားအသောက်များကို ကျောင်းသူ၊ ကျောင်းသားများ ဗဟုသုတရရှိနိုင်ရန် ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူးဆရာအောင်ညိုက "အစာလည်းဆေး ဆေးလည်းအစာ" ခေါင်းစဉ်ဖြင့် နေ့စဉ်စားသောက်နေသော အစားအစာများမှ ရရှိသော အာဟာရဓာတ်များ၊ ကျန်းမာရေးအတွက် အထောက်အကူပြုသောအစားအသောက်များနှင့် ကျန်းမာရေးအထောက်အကူပြု ကိုယ်လက်လှုပ်ရှားမှုများကို ဟောပြောခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)