ဝက်လက် စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဦးမျိုးအောင်နှင့် မိတ်ဖက်အဖွဲ့စည်းများသည် ရွာသာကြီးကျေးရွာ၊ စည်ပင်သာယာ စျေးအတွင်း ရောင်းချ လျက်ရှိသော စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထုတ်လုပ် ရောင်းချခြင်း ရှိ၊မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် Nestle ကလေး အဟာရမှုန့် ၊ သနပ်ခါး အမည်ခံ Mistine အလှကုန်ပစ္စည်းများနှင့် Ajinomoto ဟင်းချိုမှုန့် ကုန်ပစ္စည်းများအား ကုန်ညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထုတ်လုပ်ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း နှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက ရောင်းချရန် ခွင့်ပြုမထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)