ငါးသိုင်းချောင်း စက်တင်ဘာ ၉
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု အ.ထ.က(ခွဲ) ဒေါင့်ကြီးကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ၊ နယ်လှည့်စာဖတ်ဝိုင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားလှုပ်ရှားမှုများကို ပညာရေး၊ ကျန်းမာရေး၊ အား/ကာနှင့် ပြန်/ဆက် ဉီးစီးဌာနများ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀း၀၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ရှေးဉီးစွာ အ.ထ.က(ခွဲ)ဒေါင့်ကြီးမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုညိုမြိုင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဉီးစီးမှူး ဒေါ်နှင်းယုဝေက လူငယ်နှင့်မူးယစ်ဆေး၊ အားကစားနှင့်ကာယပညာဉီးစီးဌာနက အားကစားမှူး ဒေါ်နှင်းနှင်းအေးက လူငယ်နှင့်ခေါင်းဆောင်မှု၊ ကျန်းမာရေးမှူး ဉီးလှစိန်က လူငယ်နှင့်ကျန်းမာရေးအကြောင်းတို့ကို အသီးသီး ဆွေးနွေးဟောပြောခဲ့ရာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၅၀)ဉီး တက်ရောက်လေ့လာခဲ့ကြပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဉီးစီးဌာနက ကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းခြင်း၊ ကိုယ်ခံစွမ်းအား မြှင့်တင်ရေးအားကစားပုံမှန်လှုပ်ရှားပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်ကို ကျောင်းသား/သူများနှင့်အတူ ပျော်ပျော်ပါးပါး ပြုလုပ်ခဲ့ကြပါသည်။
တစ်ချိန်တည်းမှာပင် မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဗဟုသုတရရှိစေပြီး စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓာတ်ပုံပြပွဲတို့ကို ပြသခဲ့ကြောင်းသိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)