အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဌာနဆိုင်ရာများ အ‌နေဖြင့် ရုံးလုံခြုံရေးအထူးဂရုပြုရန်၊ ရုံးတွင်လူသွားလူလာများ တတ်နိုင်သမျှ လျှော့ချရန်၊ ရုံးနှင့်စျေးများတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ ကျောင်းများတွင်လည်း လက်ဆေးဘေစင်များထားရှိရန်၊ ဌာနဆိုင်ရာများတွင် CDM ပြုလုပ်သည့် ဝန်ထမ်းများ ပြန်လည်ရောက်ရှိလာပါက အကြောင်းကြားရန်၊ စစ်ကြောင်းကြီး (၅)ကျောင်း လှုပ်ရှားမှုအနေဖြင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ (၅)ဖွဲ့မှ ပါဝင်သောသူများ ဖြင့်လာမည့် စနေနေ့ တွင်ကွင်းဆင်းဆောင်ရွက်ရန်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေများနှင့်အညီ ဆိုင်ကယ်စီးရာ၌ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျန်းမာရေးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မှု လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။

ချစ်သက်လယ်(အိမ်မဲ)