လောင်းလုံး၊ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင်၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန် နေ့မွန်းလွဲ ၁ နာရီအချိန်က လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိမ်းက လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်များအားလုံး တက်ညီလက်ညီနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ မဲစာရင်းနှင့်ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင်အနေနဲ့လည်းစိစစ်၍ လက်မှတ်ရေးထိုးပြီးဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလမို့ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ဝင်းဝင်းထက်က မဲစာရင်းစိစစ်မှုနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းအဆင့်ဆင့်ကို အဖွဲ့ဝင်အနေနဲ့ လိုအပ်သလို ပါဝင်ကူညီ ပေးပါရန်နှင့် ဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာလ ၂၀ ရက်နေ့မှစပြီး ကြေညာကပ် ထားမှာဖြစ်ပါကြောင်း ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်များအားလုံး ပူးပေါင်းပါဝင်ပေးကြရန်လိုကြောင်း ပြောကြားပြီး တက်ရောက်လာကြသော အဖွဲ့ဝင်များက ရွေးကောက်ပွဲနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)