သရက်ချောင်း စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇) နာရီခွဲအချိန်က မြို့မရပ်ကွက်ရှိ လူစည်ကားရာ စည်ပင်သာယာမြို့မစျေးနှင့် သရက်ချောင်းကားဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign များ ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန် ဒေါက်တာ ဝင်းဇော်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးများနှင့် သရက်ချောင်းကားဂိတ်တွင် (Mask) နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။
နန်းခလိုက် (သရက်ချောင်း)