သရက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် မြို့အဝင်/ အထွက်ဂိတ်များတွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုကို ယမန်နေ့ မနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော် ဦးဆောင်သောအဖွဲ့သည် သရက်မြို့တွင် ကိုဗစ်−၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းတစ်ခုအဖြစ် ပူးပေါင်းစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်၍ မော်တော်ယာဉ်အဝင်/ အထွက်စာရင်းပြုစုမှတ်သားခြင်း၊ မြို့တွင်းဖြတ်သန်း သွားလာသော ယာဉ်များကို အမှန်တကယ်ဖြတ်သန်းသွားလာခြင်းရှိ/မရှိကို စစ်ဆေးရေးဂိတ်တစ်ခုနှင့် တစ်ခုချိတ်ဆက် ၍ စိစစ် ဆောင်ရွက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်လာသူများအား ခရီသွားလာခွင့် အထောက်အထားများစိစစ်၍ Stay at Home ဒေသမှဖြစ်ပါက Quarantine ဝင်ရောက်ရန် စသည့်အချက်များကို စနစ်တကျ စိစစ် စစ်ဆေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ပြောကြားခဲ့ပြီး မြို့ အဝင်/ အထွက်ဂိတ်တွင် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)