မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ လူမှုရေးအသင်းအဖွဲ့အစည်းများအား PPE Level-2 ဝတ်စုံများ ပေးအပ်လှူဒါန်း

မြန်အောင် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲက မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့အစည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက လှူဒါန်းသော PPE Level 2 ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်က မြန်အောင်မြို့ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်းနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲ ဒု​ဥက္ကဋ္ဌ ဦးနေဝင်းတို့က မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ကိုဗစ်ကာလများတွင် ရပ်ရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု ကူညီလုပ်ဆောင်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်းနှင့်  PPE ဝတ်စုံများ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့ (၁၄)ခုတို့အား PPE Level-2 ဝတ်စုံ (၅၅၀)ကို ခွဲဝေပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ကျန်ရှိသော လူမှုရေးအဖွဲ့များကိုလည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ PPE Level -2 ဝတ်စုံများ လှူဒါန်းပွဲ အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ ဒု​ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရ သည်။    

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)