သာယာဝတီ စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီနယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်ခန့်က မြို့နယ် အတွင်းရှိ ကွက်သစ်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် မြို့အနီးနား ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာယာဝတီမြို့နယ် အတွင်းသို့ အခြားတိုင်း ဒေသကြီး (သို့မဟုတ်)ပြည်နယ်များမှ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအနေဖြင့် သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်များ ယူဆောင်လာကြရန်၊ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိသူများနှင့် ရောဂါကူးစက် ပြန့် ပွားမှုများပြားသည့် မြို့နယ်များမှ လာရောက်သူများ အားလုံး ပြင်ဆင်ထားသော Community Based Facility Quarantine Centre များတွင် ဝင်ရောက်၍ (၁၄) ရက် နေထိုင်ပြီး ဓာတ်ခွဲနမူနာ (၂)ကြိမ် စစ်ဆေးခံရန်၊ ဓာတ်ခွဲ အဖြေတွင် ရောဂါပိုး မတွေ့ရှိပါက Home Quarantine (၇)ရက် နေထိုင်ကြ ရန်နှင့် ရောဂါပိုး ကင်းရှင်းကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အတည်ပြုပြီး မှသာလျှင် ဆက်လက် ထွက်ခွာကြရန် စသည်ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထို့အပြင် သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ မိမိနေ အိမ်တွင်သာ နေထိုင်ရန်၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်း သဘင်များ၊ အခမ်းအနားများ မပြုလုပ် ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် လည်းကောင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးများ၌ စျေးရောင်းစျေးဝယ်ပြုလုပ်ရာတွင် လည်းကောင်း နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျစက္ကန့်(၂၀) ကြာ ဆေးကြောရန်၊ Social Distancing ကို တိတိကျကျ လိုက်နာကြရန် စသည့်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေ ရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)