ဘုတ်ပြင်းမြို့ မူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း   စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်ဘုတ်ပြင်းမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့်အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို ကလေးငယ်များသိရှိပြီး  ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန်ရည်ရွယ်ချက်ဖြင့် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မိုးက အဖွင့်အမှာစကားပြောကြားသည်။ ဘုတ်ပြင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမြဇော် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်သန်းဆင့်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနှင့် လူငယ်ရေးရာဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ယမင်းဆူးက ကျောင်းကျန်းမာရေးနှင့် ကူးစက်ရောဂါဆိုင်ရာများကို အသီးသီးဟောပြောခဲ့ကြသည်။ ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့်အကြောင်းအရာများအား အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာစောင်များ နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)