ထားဝယ် စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြို့နယ်အသီးသီးရှိရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နံနက်ပိုင်းအချိန်များတွင် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် လူစည်ကားသည့်နေရာများဖြစ်သော စည်ပင်သာယာဈေးများ၊ မော်တော်ယာဉ်ဂိတ်များနှင့် လမ်းဆုံလမ်းခွများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဒေသန္တရအမိန့်များ၊ ပြည်သူများလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးကြေညာစာစောင်များ လိုက်လံကပ်ခြင်း၊ Mask များဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား အရေးယူ ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ညနေပိုင်းတွင် တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အိပ်စက်အနားယူနိုင်စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် ဒုစရိုက်မှုများ၊ ခိုး/ဆိုး/လုယက်မှုများ၊ အကြမ်းဖက်ကျူးလွန်မှုများ မဖြစ်ပွားစေရန် မြို့နယ်အသီးသီးရှိ ရဲစခန်းများမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း/ရပ်ကင်း/ဝပ်ကင်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းအပေါ် ဖောက်ဖျက်ကျူး လွန်သူ ထားဝယ်မြို့မှ (၃) ဦးနှင့် မြိတ်မြို့မှ (၄) ဦး ပေါင်း (၇) တို့အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၈၈ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)