ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် စာမတတ်သူပပျောက်ရေးကို ဦးတည်ခြင်းဖြစ်

ဘားအံ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့ အခမ်းအနားကို “သင်ယူမှုဝန်းကျင်များချဲ့ထွင်သင်ကြားယူကြစို့” ဆောင်ပုဒ်ဖြင့် ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဝ၊ ထ၊ က၊ လ၊ သ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည်  လူ့စွမ်းအာဖွံ့ဖြိုး တိုးတက်မှုအပေါ်မူတည်နေပြီး အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရန် ကျောင်းနေအရွယ်ကျောင်းသားလူငယ်များ၏ သင်ယူမှုအခွင့်အလမ်းများ အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် စာမတတ်သူ ပပျောက်ရေးကို ဦးတည်ခြင်းဖြစ်ပြီး ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများအပြင် အခြေအနေအရပ်ရပ်ကြောင့် ကျောင်းသင်ပညာရပ်များ သင်ကြားနိုင်ခြင်းမရှိသော အသက်လွန်အရွယ်များအတွက် ပညာသင်ကြားခွင့်ရရှိစေရေးကို ရည်ရွယ်၍ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများဖြစ်သည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်များကို ကရင်ပြည်နယ် အတွင်း ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများကိုလည်း အဆင့်အလိုက် နှစ်စဉ် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ယခုအခါပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၈၄၅ ကျောင်းထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန့်ဆယ်လီလှိုင်က ဖတ်ကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား စာတတ်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်မှု (Video Clip) ပြသခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက စာတတ်မြောက်ရေးဝိုင်းကူပေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေ ခဲ့ကြကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)