ဘားအံ စက်တင်ဘာ ၈
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော တော်သလင်းလ လှေသဘင်ပွဲတော်ကို ပြန်လည်ဖော်ဆောင်သောအားဖြင့် ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာယာရေပြင်၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရွက်ပုန်းသီးလှေလှော်အားကစားသမားများပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြည်နယ်အတွင်း ရိုးရာလှေလှော်ပြိုင်ပွဲများကို နေရာဒေသအလိုက် မြိုင်မြိုင် ဆိုင်ဆိုင်ကျင်းပပြုလုပ်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ ကရင်ပြည်နယ်ကိုယ်စားပြုပေးနိုင်မည့် လှေလှော်အားကစားသမားများကို ရွေးချယ်၍ ကရင်ပြည် နယ်ရိုးရာလှေလှော်အသင်းအနေဖြင့်ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ မိမိတို့ကိုယ်စားပြုအသင်းများ အနိုင်ရရှိအောင် အားကြိုးမာန်တက်ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက် တွန်း ပြောကြားပြီး ၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလားရိုးရာ လှေလှော် ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါလှေလှော်ပြိုင်ပွဲသို့ အမျိုးသားအသင်း(၂၇)သင်း၊ အမျိုးသမီးအသင်း(၁၅)သင်း စုစုပေါင်း လှေလှော် အားကစားသမား ၂၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား/အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် ငါးတက်လှော်ပြိုင်ပွဲဟူ၍ ရှုံးထွက်စနစ်ဖြင့် ပြိုင်ပွဲအမျိုးအစား သုံးမျိုးခွဲကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ (၃)ရက်ကြာ ယှဉ်ပြိုင် သွားကြမည်ဖြစ် သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲအား စတင်ကျင်းပရာ ဝါပိုးလှေဖြင့် သရုပ်ပြလှော်ခတ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အမျိုးသား/အမျိုးသမီး ငါးတက်လှော်ပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် တစ်ဦးချင်း ပြိုင်ပွဲ ယှဉ်ပြိုင်လှော်ခတ်မှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)