အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

ထားဝယ်   စက်တင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း ၍ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) ဆောင်ရွက်ရာတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ဝင်းက အသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေးက စက်တင်ဘာ (၇)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့၏ “လေထုသန့်ရှင်းဖို့အားလုံးပူး ပေါင်းဆောင်ရွက်စို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ သက်ရှိအားလုံးတို့ အသက်ရှင်သန်ရပ်တည်ရေး အတွက် သန့်ရှင်းသောလေထု၏ အရေးပါမှုများ၊ လေထုတွင်ပါဝင်သည့် ဓာတ်ငွေ့မျိုးစုံနှင့် လေထု ညစ်ညမ်းစေသည့် ဓာတ်ငွေ့များ၊ ညစ်ညမ်းသည့်လေထုကြောင့် လူသားများအပါအဝင်သက်ရှိအားလုံးနှင့် သဘာဝပတ်ဝန်းကျင်အတွက် ဖြစ်ပေါ် လာသည့် ဆိုးကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုကို ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ပြည်သူများအနေဖြင့် လေထုသန့်ရှင်းရေး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည်များနှင့် ရှောင်ရှားရမည့်အချက်များ စသည့်လေထုသန့်ရှင်းရေးဆိုင်ရာများကို အွန်လိုင်းကနေတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယနေ့ကဲ့သို့သော အသိပညာပေး (Talk Show)ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ပြည်သူများသို့ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းကနေတစ်ဆင့် လစဉ် ပုံမှန်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ဝင်း(အရှေ့တိုင်း)