ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ရောင်းချပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် အာသောကလမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းသုံးမျိုးကို သက်သာသောဈေးနှုန်းဖြင့်ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းသုံးမျိုး ရောင်းချပေးရာတွင်လည်း ဆန်တစ်ပြည်လျှင်ငွေကျပ်(၁၅၈၅)နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီတစ်ပိဿာလျှင် ငွေကျပ်(၅၃ဝဝ)နှုန်းဖြင့် ဆီပိဿာ(၁၁ဝ)နှင့် ကြက်ဥတစ်လုံးလျှင်ငွေကျပ်(၁၇၅)ဖြင့် ကြက်ဥအလုံး(၁ဝဝဝ)ကိုလည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကရောင်းချပေးခဲ့ကြောင်းသိရပြီး ရောင်းချပေးနေမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကာ ဈေးလာရောက်ကာဝယ်ယူကြသည့် ဒေသခံပြည်သူများကိုလည်း တစ်ခါသုံးနှာခေါင်းစည်းများ(အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဒေသခံပြည်သူများ မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြုရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများဈေးဝယ်ယူရာတွင် အဆင်ပြေစေရေးအတွက်လည်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)