ဒိုက်ဦး စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစျေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGOများ၊ စျေးအကျိုးတော်ဆောင်အဖွဲ့များက စျေးရောင်းချသူများ၊ စျေးသွားစျေးလာများအား Mask များ ဝေငှပြီးပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးရှေ့နှင့် ဒရယ်မီးလမ်းဆုံတို့၌ Mask များ ဝေငှခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)