ကျွဲနွားကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်

ဖြူး   စက်တင်ဘာ   ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဒေသခံပြည်သူများ၏ ကျွဲနွားများ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို စက်တင်ဘာ(၈)ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါကျေးရွာရှိ ကျွဲနွားများ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လည်ချောင်းတို၊ လည်ပင်းနာရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို ဖြူးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင်  ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စားဒုတိယဦးစီးမှူးဦးဉာဏ်လင်းထွန်းနှင့် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများက မိုးစပါးရိတ်သိမ်းအပြီး ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးများစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်သွားရမည့် အခြေအနေများ၊ မွေးမြူရေးကဏ္ဍတွင် ကျွဲနွားတိရိစ္ဆာန်များတွင် ဖြစ်ပွားမှုများသည့် ရောဂါများအကြောင်းနှင့် ကာကွယ်သွားရမည့် အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများ ချေးပေးနေသည့် အခြေအနေများကို အသိပေးဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာကြသော တောင်သူများကလည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများတွင် သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)