ပန်းတောင်း စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရက မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများပြန်လည်တွေ့ရှိနေရပြီဖြစ်သောကြောင့် ပန်းတောင်းမြို့နယ် အတွင်းသို့ အဆိုပါရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်ကြရန်၊ ပြည်သူများ ကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြစေရန်နှင့် ရောဂါကာကွယ်ရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားကြရန်၊ Mask Campaign များ ပြုလုပ်ဆောင်ရွက်ရန် စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက အဆိုပါရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)