သဲကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌  "မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်

သဲကုန်း  စက်တင်ဘာ   ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်းဖွင့်လှစ်ရာ သဲကုန်းမြို့နယ်မှ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဲကုန်းမြို့နယ်ဦးစီးမှူးဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက မြို့နယ်ဒေသအတွင်း သတင်းစီးဆင်းမှုမြန်ဆန်စေရန်နှင့် အရည်အသွေးရှိသောသတင်းဗီဒီယိုများ ကိုယ်တိုင်ပါဝင်ဖန်တီးတတ်စေရန်၊ နည်းပညာများနှင့်ရင်းနှီးကျွမ်းဝင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဌာနလုပ်ငန်းများဆောင်ရွက်သူများအနေဖြင့် မှတ်တမ်းများဆောင်ရွက်မှုများကို ခေတ်နှင့်အညီ သတင်းဗီဒီယိုများဖန်တီးနိုင်စေရန် လေ့လာသင်ယူစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်သင်တန်းတွင် မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းအဆင့်ဆင့်နှင့် အရုပ်ဖိုင်၊ အသံဖိုင်များအား Software အသုံးပြု၍ ကိုယ်ပိုင်တီထွင်ကြံဆ လက်တွေ့ပြုလုပ်နည်းတို့ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့် ရုပ်သံကျွမ်းကျင်(၃)တို့က မျှဝေဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပညာရေးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)