ပဲခူးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေး‌နေ့ အခမ်းအနားကို ယနေ့နံနက် (၉:၃၀) အချိန်က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို အ.ထ.က.(၃) ပဲခူးမှ ကျောင်းသား/ ကျောင်းသူလေးများက “လူတိုင်းအတွက်ပညာရေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က သီဆိုဖျော်ဖြေပေးသော ကျောင်းသား/ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က မိန့်ခွန်းပြောကြားရာ  ဒီကနေ့ဟာ ၂၀၂၂ ခုနှစ် ရဲ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ( International Literacy Day) ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် စာတတ်မြောက်ရေးဟာ အဓိကပါဝင်နေပါတယ်။ စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။  “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း စာတတ်ရုံနဲ့ မတင်းတိမ်ဘဲ စိတ်ဓာတ်ရေးရာ၊ စည်းကမ်းသေဝပ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ ယဥ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့အတွက်လည်း အထူးပင် လိုအပ်ပါကြောင်း၊ စာတတ်မြောက်မှု အခြေခံလုပ်များ ပြီးမြောက်အောင်မြင်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်လာပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပဓာနအကျဆုံးဖြစ်သည့် လူသားစွမ်းရည် မြှင့်တင်ရေးအတွက် စာတတ်မြောက်ရေးလုပ်ငန်းကို ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့  ဆောင်ပုဒ်ဖြစ်သည့် “Transforming Literacy Learning Places” “သင်ယူမှုဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့” ဆိုတဲ့ စာတတ်မြောက်ရေး ဆောင်ပုဒ်အတိုင်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် (UNESCO) အတွင်းရေးမှူးချုပ်၏  သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပြီး  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် video Clip ကိုပြသခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော ပညာရေးဌာနမှ ဆရာ/ ဆရာမများနှင့် စုပေါင်းမှတ်တမ်းတင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)