ရေဖြူ စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဟောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရေဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်က ကမ္ဘာ့ရာသီဥတုအခြေအနေအရ သဘာဝဘေးအမျိုးမျိုး ဖြစ်ပေါ်လာနေသည့်အတွက် မိုးရာသီတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရန် မိမိတို့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးရမည့် အချက်များ လူဦးရေစာရင်း၊ ဆေးဝါးပမာဏ၊ ထောက်ပံ့ရမည့်ပစ္စည်းများ၊ အရေးပေါ်ဆေးဝါး (၃၂) မျိုးထားရှိသည့် အခြေအနေ၊ ကူးစက်ရောဂါကာကွယ်ရန်နှင့် သွေးလွန် တုပ်ကွေး၊ ဝမ်းရောဂါ၊ တိုက်ဖွိုက်၊ အူရောင်ငန်းဖျား၊ သောက်သုံးရေသန့်ရှင်းရေးအတွက် အဘိတ် ဆေးများ စသည့်ကြိုတင်စဥ်းစားရမည့်အချက်များ၊ သဘာဝဘေးဖြစ်ပေါ်လာပါက ရွေ့လျားဆေးအဖွဲ့၊ ယာယီဆေးပေးခန်း၊ သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများ၊ ရံပုံငွေစုဆောင်းထားရှိခြင်း၊ ဖြစ်ပွားနေသောနေရာများနှင့် ကူညီကယ်ဆယ်ထားရှိမည့်နေရာ၊ ပူးပေါင်းဆောင်ရွက်ရမည့် နေရာများကို ကြိုတင်ပြင်ဆင်ထားရှိရေး အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်၊ မြို့နယ ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ထွန်းလင်းဦး