ပဲခူး စက်တင်ဘာ ၈
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် ရောက်ရှိမည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းနှင့် စာအုပ်များလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးမြို့နယ်စာရေးဆရာအသင်းနှင့် တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာမ ၀တ်ရည်ခင် (ပဲခူး)က စာပေစကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း နာယက ဦးစိန်လှိုင် (စိန်လှိုင်ဗိုလ်)(ပဲခူး)၊ စာရေးဆရာအသင်းအတွင်းရေးမှူး ဦးထိန်လင်း (လင်းအရုဏ်ဦး)(ပဲခူး)၊ ဆရာထိန်၀င်းဦး(လျှပ်စစ်)၊ ဆရာနောင်ထွဏ်း(ပဲခူး)၊ ဆရာမြေလတ်ဇော်ဇော် တို့နှင့်အတူ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်တို့က ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာ့အလင်းစာကြည့်တိုက်၊ တက်လမ်းစာကြည့်တိုက်၊ စာပေဥယျာဉ်စာကြည့်တိုက်၊ ကျိုက်ဒေးရုံပန်းပျိုးလက် စာကြည့်တိုက်များသို့ မြို့နယ်စာရေးဆရာအသင်းနှင့် တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်(၃၀၀၀၀/-)တန်ဖိုးရှိ သုတ/ရသ စာအုပ်များအား လှူဒါန်းပေးခဲ့ကြသည်။
ထို့နောက် နတ်တော်လ စာဆိုတော်နေ့အထိမ်းအမှတ် ၀တ္တုတိုစာမူပြိုင်ပွဲ ကျင်းပရန်အတွက် ဆရာမ၀တ်ရည်ခင်(ပဲခူး)က ဆွေးနွေးတင်ပြခဲ့ပြီး ပထမဆု (၁၀၀၀၀၀)ကျပ်၊ ဒုတိယဆု (၇၅၀၀၀)ကျပ်၊ တတိယဆု (၅၀၀၀၀)ကျပ် နှင့် အထူးဆု(၃၀၀၀၀) ကျပ်(၂)ဆု စုစုပေါင်းဆု(၅)ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး စာဆိုတော်နေ့ အထိမ်းအမှတ် ၀တ္တုတိုပြိုင်ပွဲကို စာပေချစ်သူများ မည်သူမဆို၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး စာမူများကို (၁.၁၁.၂၀၂၂)နောက်ဆုံးထားပြီး ပဲခူးမြို့နယ် စာရေးဆရာအသင်းနှင့် တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ အချိန်မီ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)