မုံရွာ စက်တင်ဘာ ၈
ဌာန၏ ရည်မှန်းချက်တာဝန်များ ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသင်တန်းခန်းမတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို စက်တင်ဘာလ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းနဲ့ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က "ဝန်ထမ်းများအနေနဲ့ မိမိရဲ့ ဝန်ကြီးဌာန၊ ဦးစီးဌာနရဲ့ ရည်မှန်းချက်တာဝန်တွေကို ကျေကျေညက်ညက် သိရှိထားဖို့၊ လုပ်ငန်းကျွမ်းကျင်ဖို့၊ ပြည်သူတွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့အခါ၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့် ကောင်းတွေရဖို့၊ ဌာနက ချမှတ်ပေးထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းကျွမ်းကျင်စေဖို့ ခုလိုသင်တန်းတွေ ဖွင့်လှစ်ပို့ချခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းတွေဆိုတာ အမြဲပဲလေ့ကျင့်နေဖို့လိုသလို ကိုယ်ကျွမ်းကျင်ရာ တစ်ခုတည်း တတ်မြောက်ထားရုံနဲ့လည်း မပြည့်စုံနိုင်သေးပါဘူး။ အဘက်ဘက်က ပြည့်စုံအောင် လေ့ကျင့်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် "ဟု သင်တန်းဖွင့်ခဲ့ခြင်းနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားပါတယ်။
အဆိုပါ သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဌာနခွဲတာဝန်ခံအရာရှိများက ရုံးစာရေးသားနည်း အပါအဝင် ဌာန၏ ရည်မှန်းချက်တာဝန်များ ပြည့်ဝစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ တတ်ကျွမ်းနားလည်စွာ ဆောင်ရွက်နိုင်ရေး သင်ခန်းစာများကို ပို့ချသင်ကြားပေးခဲ့ကြောင်းသိရပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအတွင်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း( ၄၈ ) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)