မြောင်းမြမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မြောင်းမြ စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ အခြေခံလူတန်းစား အိမ်ထောင်စုများ စားသောက်မှုကုန်ကျစရိတ် တစ်ဖက်တစ်လမ်းမှ အဆင်ပြေသက်သာစေရေး အတွက် စက်တင်ဘာလ ၄ ရက် နေ့မှစ၍ ဆန်၊ ဆီ၊ဆား ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဋ္ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့၌ ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံး (၁၅၀) ကျပ်နှုန်း၊ ဆီ(၅၀)ကျပ်သား (၂၅၀၀)နှုန်း၊ ဆား (၅၀)သား (၂၅၀)နှုန်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် တပ်မတော်ထုတ်ပစ္စည်းများဖြစ်သည့် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း များကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေပြီး မီးသွေးမီးဖိုများကိုလည်း ကံစမ်းမဲဖောက်၍ အခမဲ့ ပေးဝေနေကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်အလိုက်ရောင်းချပေးပြီး ယနေ့တွင် အမှတ် (၆) ရပ်ကွက်နှင့် အမှတ်(၈) ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၇)စု အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)