ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက်၁နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ချောင်းဦး စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင်  ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမများ၊ ကြီးကြပ်-၂များမှ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းလများတွင် လစဉ်လဆန်း ၇ ရက်နေ့တိုင်း ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုရပ်ပြုလုပ်ပြီး ထိုးနှံပေးခဲ့ရာ တစ်လထက်တစ်လ လူသိများလာပြီး ကျေးရွာအုပ်စုများမှ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များများပြားစွာ လာရောက် ထိုးနှံကြကြောင်း သိရသည်။ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုးငါးမျိုးစပ် ကာကွယ်ဆေးများကို ယမန်နေ့ နံနက်ပိုင်းက ကလေးငယ် ၃၉၄ ဦး ထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၉၄ ဦးကို စမ်းသပ်စစ်ဆေး၍ ကိုယ်ဝန်ဆောင် အားဆေးပေးပြီး မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် မွေးကင်းစမှ ၁နှစ်ခွဲ အရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ထိုးနှံပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ယခုအခါ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လစဉ်လဆန်း၇ ရက်နေ့တိုင်း ထိုးနှံပေးနေကြောင်း၊ မွေးကင်းစမှ ၁နှစ်ခွဲ အထိ ဆိုသော်လည်း ၅နှစ်သားအထိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင် ပြောကြားချက်အရ သိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)