ပွင့်ဖြူမြို့နယ် ပေတောကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ပွင့်ဖြူ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၈ ရက်၊ ယနေ့နံနက် ၁၀ နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ပေတောကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုးသွားရန်လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် Booster Dose ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲများကျင်းပရာ၌ တစ်မြို့နယ်လုံး မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများတွင် ရပ်ရွာပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးမှာကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေး ပြောကြားကာ ကျေးရွာနေပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ ဒေသခံကျေးလက်နေပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကင်းဝေးစေရေး Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်း‌လေး ( ပြန်/ ဆက် )