ပန်းတနော်မြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်း စနစ်ဖြစ်ပေါ်စေရေး အသိပညာပေး ကွင်းဆင်းဟောပြော

ပန်းတနော် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှု မရှိစေရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်း စနစ်ဖြစ်ပေါ်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အ.မ.က (၂)ကျောင်းတွင် အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် အ.မ.က (၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အတွက် အမှိုက်ချတာ ရှက်စရာပါ၊ အမှိုက်ကောက်တာ ရှက်စရာမဟုတ်၊ တစ်စမြင် တစ်စကောက် အမှိုက်အစပျောက်၊ သန့်ရှင်းရေး အစ စာသင်ကျောင်းက၊ စည်းကမ်းရှိမှ မြို့တော် သာယာလှ၊ သန့်ရှင်းသာယာလှပရေး အမှိုက်ထုပ်ပိုးစွန့်ပစ် ပေးစသည့် ဗဟုသုတရစရာမေးခွန်း များ မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ် ခဲ့ပြီး အသိပညာ​ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)