မိုးညှင်းမြို့၌ ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကိုကြိုဆို ဂုဏ်ပြုသော အားဖြင့် တိုက်ပွဲရှောင်မိသားစုများအားထောက်ပံ့ပေးအပ်

မိုးညှင်း   စက်တင်ဘာ   ၈

၂၀၂၂ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက်ရှိ ပြန်လည်ထူထောင်ရေးစခန်း၌ ယာယီပြောင်းရွှေ့ နေထိုင်ကြသည့် တိုက်ပွဲရှောင်မိသားစုများကို ယနေ့နံနက်(၉)နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကိုက ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ အားပေးစကား ပြောကြား ပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ် ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှူးတို့က ယာယီပြောင်းရွှေ့နေထိုင်ကြသည့် မိသားစု(၁၁)စု လူဦးရေ (၃၀)ဦးအတွက် မိသားစု (၁)စုလျှင် ဆန် (၅)ပြည်၊ ဆီ (၅၀)ကျပ်သား၊  ကြက်သွန်နီ (၁)ပိဿာနှင့် ဆား (၁)ထုပ် စသည်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(မိုးညှင်း)