စလင်း စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့ရှိ ဒေသခံပြည်သူများ စားသုံးကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော အမှတ်တံဆိပ် (၆) မျိုးအား ရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များက စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးသီဟဝင်းကဦးဆောင်၍ ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ စည်ပင်သာယာရေးစျေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ကုန်စုံဆိုင်များနှင့် စျေးဆိုင်များကို စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ FDAမှ စားသုံးရန် မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဦးသီဟဝင်းမှ စားသောက်ကုန်လုပ်ငန်ရှင်များနှင့် ရောင်းချသူ၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဒေသခံပြည်သူများကို ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေး သတ်မှတ်ထားသော ကာလပေါက်စျေးထက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် ရောင်းချခြင်း မပြုရန် တားမြစ်ထားသော အစားအသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးသီဟဝင်းမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)