သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေး

သာပေါင်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း (၅)ကြောင်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ကြရာတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင် ကျေးရွာ၊ ဓမ္မသုခသိဒ္ဓိကျောင်းတိုက်ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးနှင့် ဌာနဆိုင်ရာတို့က ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ကျေးရွာနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေး၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းဆင့်အထိ ပညာသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း(၆၆/၆) ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ် အဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာဂဏ္ဍာအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း