ရွှေတောင် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရွှေတောင်မြို့မစျေးလမ်းနှင့် ဈေးအတွင်း ယနေ့နံနက် (၈:၀၀) နာရီကစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ဈေးရောင်းချသူများနှင့် ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်အတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့မစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များ စသည့် ပူးပေါင်းအဖွဲ့များမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများမှလည်း Mask တပ်ဆင်ပြီးမှ ဝယ်ယူကြစေရေးနှင့် ပြည်သူများအားလုံး နှာခေါင်းစည်း တပ်ဆင်ကြစေရေး လှုပ်ရှားမှုအဖြစ် Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)