ဂန့်ဂေါ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂန့်ဂေါမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး၊ ဒုရဲမှူး လှဇော်ဝင်းက လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုတဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်းရှင်းလင်းချက်ကတော့ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်းစသည့် အကြောင်းအရာများကို ပရိုဂျက်တာများဖြင့် အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီအသင်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ကြပြီး သင်တန်းကို (၇-၉-၂၀၂၂) ရက်မှ (၉-၉-၂၀၂၂) ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပြီး သင်တန်းသား/သူ (၂၂)ဦး တက်ရောက်သင်ကြားကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)