မြင်းမူ စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီရောဂါပိုးတွေ့ရှိသူနှင့်ထိတွေ့သူများ၊ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများနှင့် ရောဂါဖြစ်ပွားရာနေရာမြို့နယ်များမှပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်နေရာများ တွင်(CBFQ)စခန်းများဖွင့်လှစ်၍ထားရှိရာ ယင်းတို့တွင် ရောဂါပိုး ရှိ/မရှိသိရှိနိုင်ရန်အတွက် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်(SWAP)များကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ယခု တို့ဖတ်(swap)များရယူခဲ့ရာတွင် စက်တင်ဘာလ(၁၀)ရက်နေ့ညတွင် ရောဂါ ပိုးတွေ့ရှိခဲ့သူနှင့်ထိတွေ့သူများဖြစ်သည့်၊ မဲနောကျေးရွာမှ(၂)ဦး၊ ဂရုကျေးရွာမှ(၁)ဦး၊ ပဉ္စကုန်းကျေးရွာမှ (၄)ဦးတို့ဖြစ်ကြောင်း၊ ယင်းအပြင် မြင်းမူမြို့တိုင်းရင်းဆေးရုံ (CBFQ) တွင်ဝင်ရောက်လျက်ရှိသည့် ပြည်ပ(တရုတ်)ပြန်(၁)ဦးနှင့် ရန်ကုန်တိုင်းအတွင်းမှပြန်လည်ရောက်ရှိလာသူ(၆)ဦးတို့ဖြစ်ကြောင်း၊ ကျန်းမာရေးဌာန၊ ဆရာမဒေါ်ခင်ခင်သန်းထံမှသိရှိရသည်။
မြင်းမူမြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ တောချောင်းဦးတိုက်နယ်ဆေးရုံ၊ တောချောင်းဦး(အ.ထ.က)နှင့် မဲနောကျေးရွာ(အ.ထ.က ခွဲ)စသည့်နေရာ(၄)ခုကို (CBFQ)စခန်းများအဖြစ်ဖွင့်လှစ်ထားရှိရာ စခန်းအသီးသီးတွင်(CBFQ) ဝင်ရောက်နေသူပေါင်း(၇၉)ဦးရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)