ကျိုက်လတ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်

ကျိုက်လတ် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲကို တဘိုးကုန်းစာဖြူစု ကျေးရွာ၊ ပညာသုခ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဆရာကြီး ဦးစိန်ဝှီးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ကျိုက်လတ်-မော်ကျွန်း ကားလမ်းပေါ်တွင် ယာဉ်မတော်တဆ ထိခိုက်မိခြင်းများ ဖြစ်ပါက အရေးပေါ်ကူညီနိုင်ရန်နှင့် အာယုသုခ လူမှုကူညီရေးအသင်း၀င်များ ရှေးဦးပြုစုခြင်း (အခြေခံ)ပညာများ တတ်မြောက်ကူညီနိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာ (၆)ဦးက သင်တန်းသား (၃၀)ဦးအား စက်တင်ဘာလ (၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)