မကွေး စက်တင်ဘာ ၈
ကျောင်းသား/ သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA. 4 နှင့် BA.5 ရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်နည်းလမ်းများဖြစ်သည့် လူစုလူဝေးရှောင်ခြင်း၊ အပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှသာ ထွက်ခွာခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုများ ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူးက အိုမီခရွန် မျိုးစိတ်သစ်ဖြစ်သည့် BA. 4 နှင့် BA.5 ရောဂါအကြောင်း သိကောင်းစရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကြိမ်နှုန်းပြည့် ထိုးနှံရန်လိုအပ်ပုံနှင့် အသက်၃၀အောက် လူငယ် များ၌ ပိုမိုကူးစက်နိုင်ခြင်းတိုကြောင့် ကျောင်းသား/ သူများအနေဖြင့် လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်းနှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၃)အခြေပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ချမ်း(ဖန်ခါးမြေ)