ငရုတ်ကောင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မြို့ဝင်ဂိတ်၊ လမ်းဆုံလမ်းခွနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး မြတ်သန်းထွန်း၊ ရဲတပ်ဖွဲ့မှ ရဲအုပ် ဦးထွန်းလင်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာ နေရာများတွင် ယာဉ်အန္တရာယ် ကင်းဝေးစေရန် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ ဆောင်ရွက်ပြီး စီးနင်းစေခြင်း၊ ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ ပါ/မပါ စစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ယာဉ်စည်းကမ်း အသိပညာပေး ပိုစတာစိုက်ထူပေးခဲ့ကြသည်။
ထို့နောက် ငရုတ်ကောင်းမြို့ (အထက)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် ရဲအုပ် ဦးထွန်းလင်းထက်တို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဟောပြောပေးခဲ့ကြကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)