ဇလွန် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကြာအင်းကျေးရွာအုပ်စု စိန်ကလေး ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝမ်းနှင့် စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူ များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ သတင်းအမှန် များကို လေ့လာဖတ်ရှုရန်နှင့် ကောလာဟလသတင်းများကို မယုံကြည်ကြရန်၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့ စိုက်ပျိုးရေးကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose)ထိုးနှံရန် ကျန်ရှိသော ပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ စစ်ကြောင်းကြီးငါးကြောင်းက ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)