ကော့သောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကော့သောင်း  စက်တင်ဘာ ၈

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားအား ကော့သောင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက အထက(ခွဲ) အလက(၁)အဏ္ဏဝါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက လူသားအချင်းချင်း ရောင်းကုန်အဖြစ် ပြုမှုကာ လူမှောင်ခိုကူးသည့် ပြဿနာများယနေ့ကမ္ဘာနှင့်အဝှမ်း ကြီးမားသည့်ပြသနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့်  မျိုးဆက်သစ်လူငယ်လူရွယ်များ၊ ကျောင်းသား/သူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ်များအကြောင်းသိကောင်းစရာများ၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးသူများအန္တရာယ်မှ ကင်းဝေးနိုင်ရေးကျောင်းသားကျောင်းသူအရွယ်များ လိုက်နာဆောင်ရွက်ရမည့် ဗဟု သုတဖြစ်ဖွယ် အကြောင်းအရာများ အားလည်းကောင်း၊ ကော့သောင်းမြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးကျော်က လူကုန်ကူးမှုနှင့် ပတ်သက်သည့်ပြစ်မှုပြစ်ဒဏ်များဆိုင်ရာသိကောင်းစရာများအားအသီးသီး အသိပညာပေးဟောပြောရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ နားထောင်လိုက်နာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)