ဟင်္သာတ စက်တင်ဘာ ၈
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် "အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့" International Day of Clean Air for Blue Skies အထိမ်းအမှတ်အဖြစ် ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ယင်းသို့ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Mask များကို ဟင်္သာတမြို့ တိုက်ကျောင်းလမ်း၊ တိုက်ကျောင်းစျေးရှေ့နှင့် နတ်မော်လမ်းထိပ် အများပြည်သူသွားလာနေသည့် နေရာများတွင် ဖြန့်ဝေပေးကြ သည်။
လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ ဆိုးကျိုးများနှင့် လေထုညစ်ညမ်းမှု လျော့ချရေး နည်းလမ်းများကို ပြည်သူလူထုအတွင်း ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုဆိုသည်မှာ လေထုထဲတွင် အန္တရာယ်ရှိနေနိုင်သည့် စက်ပစ္စည်းများ၊ အမှုန်အမွှားများ၊ ဇီဝပစ္စည်းများ ရောနှောပါဝင်နေသည့် လေထုအရည်အသွေးကျဆင်းနေသည့် အခြေအနေဖြစ်ကြောင်း၊ တောမီးလောင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများမှ ယာဉ်ယန္တရားမောင်းနှင်ခြင်းများ၊ စက်ရုံ အလုပ်ရုံများမှ မီးခိုးငွေ့များ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များနှင့် လူသားများ၏ ပယောဂကြောင့်လည်းကောင်း လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး လူသားများ၏ အသက် အန္တရာယ်ကိုပါ ခြိမ်းခြောက်လျက်ရှိရာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အများအပြား ပါဝင်နေသည့် အတွက် လူထုကျန်းမာရေးကို အန္တရာယ်ပြုနိုင်သည့်အပြင် နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုများ ဖြစ်လာနိုင်သည့်အတွက် ပြည်သူ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ "အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့" ဆောင်ပုဒ်မှာ "The Air We Share" "လေထု သန့်ရှင်းဖို့ အားလုံးပူးပေါင်း ဆောင်ရွက်စို့" ဆိုသည့်အတိုင်း ပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပါမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေပြီး လူမှုဖွံ့ဖြိုးရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်ခြင်း ဖြင့် လက်ရှိအနာဂတ် မျိုးဆက်များ၏ လူမှုဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ