လပွတ္တာခရိုင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၇

ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက လပွတ္တာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူးဦးဇော်မျိုးညွှန့်က မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများ တွင်  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူများပြန်လည်တွေ့ရှိနေရပြီဖြစ်သောကြောင့် လပွတ္တာခရိုင်အတွင်းသို့ အဆိုပါရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန်ကြိုတင် ပြင်ဆင်မှုများပြု လုပ်ဆောင်ရွက်ကြရန်၊ ပြည်သူများ ကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ်စည်းကမ်းချက်များနှင့် အညီနေထိုင်ကြစေရန်နှင့် ရောဂါကာကွယ်ရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားကြရန်၊ Mask Campaign များပြုလုပ် ဆောင်ရွက်ရန် စသည် ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက အဆိုပါရောဂါနှင့် ပတ်သက်၍အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်