ဘားအံ စက်တင်ဘာ ၇
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြသော အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ မြိုင်ကလေးရှိ အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စားရိပ်သာ၌ ကျင်းပသည်။
အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှတ် (၂၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များသည် တိုင်းပြည်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အဓိကတာဝန်ထမ်းဆောင်ကြရသူများ ဖြစ်ပြီး အမိန့်နှင့်တာဝန်ကို တိတိကျကျ ထမ်းဆောင်ကြရသူများလည်း ဖြစ်ကြောင်း၊ တတ်နိုင်သမျှထောက်ပံ့မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နောက်နောင်တွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဆယ်မျိုး၊ ဆယ်ဘောင်၊ စင်တစ်စင်၊ တစ်အုပ်တစ်မတို့ဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြဖို့လိုပြီး စည်းလုံးချစ်ခင်ညီညွတ်စွာဖြင့် နေထိုင်ကြဖို့လိုကြောင်း၊ လိုအပ်သည်များနှင့်အခက်အခဲများကို မိသားစုဆန္ဒဖော်ထုတ်ပွဲသဘောမျိုးဖြင့် ရင်းနှီးပွင့်လင်းစွာ တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က စုစုပေါင်းငွေကျပ် ၁,၈၅၉,၁၅၀ (တစ်ဆယ့်ရှစ်သိန်းငါးသောင်းကိုးထောင်တစ်ရာ့ငါးဆယ်) တန်ဖိုးရှိ ဆန် ၂၈ အိတ်၊ ဆီ တစ်လီတာဗူး ၈၃ ဘူးနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီးရဲဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်တွင်းမူကြိုကျောင်းအား ကြည့်ရှုအားပေးပြီး မူကြိုဆရာမများအတွက် ငွေကျပ်ငါးသောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)