နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်း

ဘားအံ စက်တင်ဘာ ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ လျင်လျင်မြန်မြန်အကျိုးဖြစ်ထွန်းနိုင်သည့်လုပ်ငန်းရပ်များတွင် ရင်းနှီးမတည်ထောက်ပံ့ပေးနိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာများ ရွေးချယ်ပြီးမှသာလျှင် ကျေးရွာအဆင့်စီမံကိန်းလုပ်ငန်းကော်မတီကိုဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်ပြီး အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီဦးက ခွဲဝေရရှိသည့် မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အခြေခံမူ၊ ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကော်မတီဖွဲ့စည်းခြင်း၊ ချေးငွေသက်တမ်းကာလ၊ အတိုးနှုန်းနှင့်အတိုးကောက်ခံမည့်ကာလသတ်မှတ်ခြင်း၊ ချေးငွေဖြင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ ကြီးကြပ်သူအရာရှိနှင့် ငွေထုတ်သူအရာရှိသတ်မှတ်ခြင်း၊ ငွေထုတ်ခွင့်ပြုချက်၊ ငွေစာရင်းထိန်းသိမ်းထားရှိခြင်း၊ ငွေစာရင်းများစစ်ဆေးခြင်း၊ စာရင်းစစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့်အကဲဖြတ်သုံးသပ်ခြင်း၊ အရေးယူအပြစ်ပေးခြင်း အစရှိသည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နို်ငငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာသူများက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ၊ မရှင်းလင်းသည်များအား မေးမြန်းဆွေးနွေးရာ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)